အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

ပုသိမ် ဇွန် ၂၇

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဗဟိုအဆင့်နှင့် တိုင်းအဆင့်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအား ရဲတပ်ဖွဲ့ဝင်များက “မြန်မာ့ရဲ”သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားလိုသည်မှာ မူးယစ်ဆေးဝါး ပြဿနာသည် လူတစ်ဦးတစ်ယောက်တည်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာမဟုတ်ဘဲ ကမ္ဘာ့လူသား အားလုံး ရင်ဆိုင်ကြုံတွေ့လာနေရသည့် ပြဿနာကြီးတစ်ခုဖြစ်ပြီး ကမ္ဘာနှင့်အဝှမ်း ဖွံ့ဖြိုးပြီးနိုင်ငံများသာမက မဖွံ့ဖြိုးသေးသည့် နိုင်ငံများပါ တွေ့ကြုံရင်ဆိုင်နေရပါကြောင်းနှင့် ၎င်းအထဲတွင် မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ နှစ်စဉ် ဇွန်လ (၂၆) ရက်နေ့တွင် မူးယစ်ဆေးဝါးဆန့်ကျင်သည့်ပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြပါကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးအခမ်းအနားများဖြင့် ခမ်းခမ်းနားနား ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်​နေပါကြောင်း၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှ ရရှိလာသည့် ငွေကြေးသည် ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေပြီး တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းများကို ထိခိုက်ပျက်ပြားစေခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူငယ်များ၏ ဘဝသည် မျှော်လင့်ချက်ကင်းမဲ့စေပြီး မိသားစုဝင်များသည် လူမှုရေး၊ စီးပွားရေး ပြဿနာပေါင်းများစွာနှင့် ထပ်မံရင်ဆိုင်နေရပါကြောင်း၊ ပညာပေးလုပ်ငန်းများအနေဖြင့် ကျောင်းသားလူငယ်များအား အသိပညာပေးရေး၊ လှုံ့ဆော်ရေးနှင့် လူငယ်များ မိမိတို့ အားလပ်ချိန်များတွင် သုတ၊ ရသ စာပေများ ဖတ်ရှုနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်း၊ ပြည်သူလူထုတို့မှလည်း ဘုံပြဿနာ/ဘုံရန်သူအဖြစ် ခံယူ၍ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ယောက်ချင်းစီ အထိ ကိုယ်စီတာဝန်ရှိစွာဖြင့် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က ဖတ်ကြားသည်။

ဆက်လက်၍ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့်  ပန်းချီ၊ ပိုစတာ၊ ဆောင်ပုဒ်၊ ဝတ္ထုတို ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဆုရရှိသူများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုပြသမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ မူယစ်ဆေးဝါး အသိပညာပေးပြခန်းများအား ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)