မြောင်းမြ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များသာမက အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်းတစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြောင်းမြခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကို ဆက်လက်သင်ကြားပို့ချပါသည်။ သင်တန်းတွင် အခမ်းအနားမှူးစကားရပ်၏ အဓိပ္ပါယ်၊ အခမ်းအနားမှူးတစ်ယောက်ရှိရမည့် အရည်အချင်းများ၊ ဝတ်စားဆင်ယင်မှုများ၊ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်များ၊ ကြိုတင်ပြင်ဆင်ထားရှိရမည့်အချက်များ၊ အခမ်းအနားမှူးတစ်ယောက် သိထားသင့်သည့် ဆောင်ရန်ဆောင်ရန်များ၊ စကားပြောဟန် လေယူလေသိမ်း အသံပိုင်းဆိုင်ရာ ထားရှိမှုများ၊ အခမ်းအနားမစတင်မီ ပြောရမည့်အချက်များ၊ အခမ်းအနားကျင်းပနေစဉ်အတွင်း လုပ်ဆောင်ရမည့်အချက်များ၊ အသုံးအနှုန်းဝေါဟာရများ မှန်ကန်စွာ သုံးစွဲတတ်ရန်တို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ ဌာနဆိုင်ရာဝန်ထမ်း (၂၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေဝေ (မြောင်းမြ)