လှိုင်းဘွဲ ဇွန် ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ ဘားအံလမ်းရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်းက ကျောင်းသား/သူ လူငယ်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးကျိုးအန္တရာယ်များ၊ အပေါင်းအသင်း ရွေးချယ်မှုမှန်ကန်စေရေး၊ မှုယစ်ဆေးဝါးနှင့် ဆက်နွယ်သူများအား သွားရောက်ပတ်သက်မိကြ၍ ဒုက္ခရောက်ခဲ့ကြရသူ လူငယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၏ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရှင်းပြပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့် ကလူမှောင်ခိုနှင့် လူကုန်ကူးမှုအန္တရာယ်များကို သိရှိနိုင်စေရေးအတွက် ဆောင်ရမည့်အချက်များ၊ ရှောင်ကျဉ်ကြရမည့်အချက်များအကြောင်းကို ဆွေးနွေးရှင်းပြပေးခဲ့ပြီးနောက် မြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးဌေးဝင်းနှင့် ရုံးအဖွဲ့မှူး ဦးလင်းခိုင်တို့က မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ၏ ရှေးဘုရင်မင်းဆက်များ၊ ခေတ်အဆက်ဆက်မှ နိုင်ငံတော်အစိုးရတို့၏ မူးယစ်ထုံထိုင်း၊ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများကို ဥပဒေများပြဌာန်း၍ အပြစ်ပေး၊ အရေးယူ ဖမ်းဆီးမှုများအကြောင်း၊ မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏ ဘုံရန်သူဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပြီးပါဝင် တိုက်ဖျက်ကြရမည့်အကြောင်းများကို ပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပေးသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ပေးဝေခဲ့ပြီး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသော မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)