ကသာ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က စိုက်ပျိုးခဲ့ကြသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အသင်းအဖွဲ့ဝင်များ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက တက်ရောက်ခဲ့ကြပြီး၊ သစ်ပင်မျိုးစုံ(၅၅၀)ပင်အားစု ပေါင်းစိုက်ခဲ့ကြသည်။ ခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သစ်တောသစ်ပင်များ လျော့နည်းလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာစေပြီး ရေကြီးခြင်း၊ မြေပြိုခြင်းနှင့်ရာသီဥတု ပြောင်းလဲခြင်း စသည့်သဘာဝဘေးအန္တရာယ် ကျရောက်လာမှုအပေါ် သစ်တောသစ်ပင်များစိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ပြည်သူများ၏ အခန်းကဏ္ဍတွင် အရေးကြီးကြောင်း၊ သစ်တော သစ်ပင်များ၏ တန်ဘိုးကိုသိရှိနိုင်သည်နှင့်အမျှ ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတွင် ကျွန်း(၂၁၅)ပင်၊ ပျဉ်းကတိုး (၈၀)ပင်၊ ကံ့ကော်(၂၅)ပင်၊ ခရေ(၂၅)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ ပိတောက်(၅၀)ပင်၊ ဗန်ဒါ(၂၅)ပင်နှင့် မဟော်ဂနီ(၃၀)ပင် စုစုပေါင်း (၅၅၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)