လှိုင်းဘွဲ အောက်တိုဘာလ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် လှိုင်းဘွဲ မြို့နယ် စစ်မှုထမ်းဟောင်း ကျေးရွာမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၄၀၀ဗို့အားလိုင်း လျှပ်စစ်မီးလင်းရေးအတွက် နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က စစ်မှုထမ်းဟောင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အကောင်အထည်ဖော် ဆောင်ရွက်မည့် (၄၀၀)ဗို့အားလိုင်း လျှပ်စစ်မီးလင်းရေး(၂၃၉၀ပေ) လုပ်ငန်း အတွက် လုပ်ငန်း၏ ဒီဇိုင်းအားနားလည်ပြီး စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ စီမံကိန်းလုပ်ငန်းအား ကြီးကြပ်တတ်စေရန်၊ ဝယ်ယူရေးအစီအစဉ်၊ လည်ပတ်ထိန်းသိမ်းရေးအစီအစဉ်၊ ရသုံးမှန်းခြေဇယားများရေးဆွဲ အသုံးပြုတတ်စေရန်နှင့် လူမှု့ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် အကာအကွယ်များအား လိုက်နာဆောင်ရွက် တတ်စေရန်အတွက် နည်းပညာပေး ဆွေးနွေးခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက် နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် အင်ဂျင်နီယာအကြံပေး ဒေါ်ခိုင်ခင်ဦးနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့၊ စစ်မှုထမ်းဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလျှပ်စစ်မီးလင်းရေးလုပ်ငန်းအား စီမံကိန်းထောက်ပံငွေ ၁၃,၂၀၀,၀၀၀ ကျပ်ဖြင့် ၂၀၂၀ခုနှစ် နိုဝင်ဘာလ ပထမ အပတ်တွင် စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး လုပ်ငန်းပြီးမြောက်ပါက စစ်မှုထမ်းဟောင်းကျေးရွာရှိ အိမ်ထောက်စု (၃၇၈)လုံးအား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)