ငဖဲ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေတောင်သူများ တစ်ပိုင်တစ်နိုင်မွေးမြူထားသောနွားများ မျိုးကောင်းမျိုးသန့် ပြန့်ပွားရရှိစေရန် ရည်ရွယ်၍ မေထုန်မဲ့သားစပ်နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခန်းမတွင် ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာချစ်ချယ်ရီစိုးက မေထုန်မဲ့ သားစပ်နည်းသင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မျိုးမြင့်နွားသိုး၏မျိုးဗီဇကို နွားကောင်ရေများများတွင်ရရှိနိုင်ခြင်း၊ သားစပ် ခြင်းဖြင့် ကူးစက်နိုင်သောရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ကျေးရွာများမှတိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်း (၂)ဦးက မေထုန်မဲ့သားစပ်နည်း၊ မွေးမြူနည်းစနစ်များ၊ အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာများကို ကျွေးမွေးနည်းစနစ်များနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၃ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)