မြို့သစ်မြို့မြို့မစျေးတွင် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မြို့သစ် ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်အတွက် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး မြို့မစျေးတွင် စျေးရောင်းစျေးဝယ်ပြည်သူများ ကြွပ်ကြွပ်အိတ် သုံးစွဲမှု လျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကြွပ်ကြွပ်အိတ်သုံးစွဲခြင်းကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ကျရောက်နေမှုများ၊ ကျန်းမာရေးဆိုင်ရာဆိုးကျိုး ဖြစ်ပေါ်နေမှုများ၊ ကြွပ်ကြွပ်အိတ်အသုံးပြုခြင်း၏ ဆိုးကျိုးများနှင့်လူသားတို့၏ နေ့စဉ်အမူအကျင့်များကို ပြုပြင်ပြောင်းလဲရာတွင် ကြွပ်ကြွပ်အိတ်အစားအင်ဖက်၊ ဗန်ဒါဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်အမျိုးမျိုးဖြင့် အစားထိုးသုံးစွဲရန်စသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးနှင့်  အစားထိုးအသုံးပြုနိုင်ရေး အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးဆွေးနွေးခြင်းကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)