ကန့်ဘလူ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ယခုနှစ်မိုးသီးစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ စုစုပေါင်း ၁၂၂၂၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း မိုးရာသီသီးနှံစုံ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း(မိုး)၊ နေကြာ စသည့်သီးနှံစုံ ၅၂၀၃၀ ဧကကို ယခုနှစ် မေလက စတင်စိုက်ပျိုးခဲ့ရာတွင် မြေပဲ ၁၂၁၂၃ ဧက၊ နှမ်း(မိုး) ၄၅ ဧကနှင့် နေကြာ ၅၄ ဧက စုစုပေါင်း ၁၂၂၂၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။
“ဒီနှစ် မိုးရာသီအနေနဲ့ ကန့်ဘလူမြို့နယ်မှာ ဆီထွက်သီးနှံစိုက်ပျိုးမှုက ၅၀၀၀၀ ကျော်လျာထား စိုက်ပျိုးခဲ့ရာမှာ မေလကစတင်စိုက်ပျိုးခဲ့ပြီး ဇွန် ၁၅ ရက်နေ့အထိ ၁၂၀၀၀ ကျော် စိုက်ပျိုးပြီးစီးနေပါပြီ။ ဒေသခံတောင်သူတွေကို စိုက်ပျိုးခြင်းနည်းပညာတွေ၊ ပိုးမွှားကျရောက်မှု မရှိစေရေး ဆောင်ရွက်ရမယ့်နည်းလမ်းတွေနဲ့ အချိုးကျမြေဩဇာထုတ်လုပ်သုံးစွဲနည်းတွေကို ပညာပေးစည်းရုံးဆောင်ရွက်လျက်ရှိပါတယ်။ ဒေသတွင်းသာမက ဆီဖူလုံပိုလျှံစေရေးအတွက် စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံများကို တောင်သူတွေက မိုးရာသီထက်ဆောင်း ရာသီမှာ ပိုမိုစိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ကပြောသည်။
ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် ဆီထွက်သီးနှံစုံလျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၅၁၄၁၉ ဧက၊ နှမ်း(မိုး) ၄၃ ဧကနှင့် နေကြာ ၅၆၈ ဧကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)