မင်းလှမြို့နယ်တွင် (KG) မှ (Grade-12) အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံ

အထက်မင်းလှ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (KG) မှ (Grade-12) အထိ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ဇွန်လ(၂၂)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆက်လက်ထိုးနှံပေးခဲ့သည်။

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၆၂)ကျောင်းရှိပြီး ကိုဗစ်-၁၉ အကြိမ်ပြည့်ထိုးနှံပြီး (၆)လပြည့်ပြီးသည့် (KG) မှ (Grade-12) အထိ ကျောင်းသား/ကျောင်းသူ (၁၄၂၈၁) ဦးရှိရာ ဇွန်လ(၂၆)ရက်နေ့အထိ  ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသူ (၁၆၁၄)ဦးနှင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ(၃၃၂)ဦး၊ စုစုပေါင်း (၁၉၄၆) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရားတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် အခြေခံပညာကျောင်းများတွင် ဆက်လက် ထိုးနှံလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)