ဟင်္သာတ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း အမျိုးသားခန်းမတွင် အမှိုက်စနစ်တကျ စွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်ပုံးများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်စနစ်တကျစွန့်ပစ်ကြရမည်ဖြစ်ကြောင်း၊ ပလတ်စတစ်သုံးစွဲမှုက်ို လည်းလျော့ချကြရမည်ဖြစ်ကြောင်း၊ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှိုက်စို၊ အမှိုက်ခြောက်စနစ်တကျခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကို ကျင့်သုံးကြရစေရေးတို့အတွက် အခြေခံပညာကျောင်းများမှစ၍ လူငယ်မောင်မယ်များအား အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ ဦးမြင့်သိန်းဦးတို့မှ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ တာဝန်ရှိ ဆရာ/ ဆရာမများသို့ အမှိုက်ပုံးများ ပေးအပ်လှူဒါန်းခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာမှူး ဦးကျော်စွာဝင်းဦးဆောင်၍ အသိပညာပေးဟောပြောပွဲကိုဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးနှင့်အမှတ် (၅) အခြေခံပညာအထက် တန်းကျောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)