ထားဝယ် ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြေးပြိုင်ပွဲနှင့် မီတာ(၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲ၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက မီတာ (၁၀၀) ပြိုင်ပွဲတွင် အမျိုးသမီး ပထမဆုရရှိသော မြိတ်မြို့နယ်မှ မနွေဦးခင်၊ ဒုတိယ ဆုရရှိသော ကော့သောင်းမြို့နယ်မှ မညိုညိုဌေး၊ တတိယဆုရရှိသော ထားဝယ်မြို့နယ်မှ မဆုပြည့်ပြည့်ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော မြိတ်မြို့နယ်မှ မောင်ထက်ရှိုင်းအောင်၊ ဒုတိယဆု ရရှိသော ကျွန်းစုမြို့နယ် စောအောင်မြင့်၊ တတိယ ဆုရရှိသော လောင်းလုံးမြို့နယ်မှ မောင်စည်သူအောင်အား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က မီတာ(၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် အမျိုးသား ပထမဆုရရှိသော မြိတ်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ တတိယဆုရရှိသော သရက်ချောင်းမြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမျိုးသမီး ပထမဆု ရရှိသော မြိတ်မြို့နယ်အသင်း၊ ဒုတိယဆု ရရှိသော သရက်ချောင်းမြို့နယ်အသင်း၊ တတိယဆုရရှိသော ထားဝယ်မြို့နယ် အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲများတွင် အမှတ်အများဆုံး ရရှိသည့် မြိတ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)