အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဝေငှ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

အင်းတော် ဇွန် ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၇ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ရေတွင်းကုန်း) ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကိုဝေငှခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ ကြောင်း သိရသည်။

မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့ရက်များတွင် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါအားလျှော်စွာ ပြသဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ်မှ ကင်းဝေးစေနိုင်ရေး၊ နိုင်ငံတော်၏ အားကိုးအားထား ပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကဲ့သို့အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ပြောပြခဲ့သည်။

အဆိုပါ အဖွဲ့သည် နံနက် ၇ နာရီ အချိန်၌ ကျောင်းသူ/ကျောင်းသားများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးအပ်ခဲ့ပြီး မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း G-12မှ ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အသိပညာပေးဟောပြောခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကိုဟောပြောခဲ့ကာ အားကစားပစ္စည်းများကို သက်ဆိုင်ရာကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်းတော်(ပြန်/ဆက်)