မကွေးမြို့တွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

မကွေး ဇွန် ၂

(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မကွေးတပ်နယ်မှူးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်ကက ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် ဇွန်လ(၂၆)ရက်နေ့ကို သတ်မှတ်ပြီး မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးနည်းတူ နှစ်စဉ်ကျင်းပခဲ့တာ (၃၆)ကြိမ်ရှိပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာဟာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအနေနဲ့သာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာမျိုးမဟုတ်ဘဲ နိုင်ငံတိုင်း လူမျိုးတိုင်း လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ အကျုံးဝင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ အန္တရာယ်ကို ကာကွယ် တိုက်ဖျက်နိုင်ဖို့အတွက် ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်ထုအတွင်း အသိ ပညာပေး လှုံ့ဆော်ခြင်းလုပ်ငန်းနဲ့ ပညာပေးစည်းရုံးခြင်းလုပ်ငန်းတွေကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ အနေဖြင့် မူးယစ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့၏ လမ်းညွှန်ချက် များအပေါ် လိုက်နာဆောင်ရွက် လျက်ရှိပြီး၊ ၂၀၂၂-၂၀၂၃ ခုနှစ်ဘိန်း စိုက်ရာသီတွင် စီမံကိန်းဝင် ငဖဲမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲသည့်နေရာများတွင် လျှို့ဝှက်စိုက်ပျိုးထားသည့် ဘိန်းခင်း(၂၁.၂၅)ဧကကို တပ်မတော်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်တဲ့ ပူးပေါင်းအဖွဲ့နှင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစားထိုး စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အစားထိုးသီးနှံ စိုက်ပျိုးရေးစခန်းများကို မြို့နယ်(၇)မြို့နယ်မှာ စုစုပေါင်း စိုက်ပျိုးရေး ပညာပေးစခန်း(၁၀)ခု ဖွင့်လှစ်ထားပြီး အစားထိုးသီးနှံများဖြစ်သည့် ဝဥ၊ လျော်ဖြူ၊ ဆေးဂန္ဓမာ၊ သီးနှံ မျိုးစေ့နှင့် ပျိုးပင်များ အစားထိုးစိုက်ပျိုးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးစွဲမှု ပပျောက် ရေးအတွက် မူးယစ်ဗဟိုအဖွဲ့၏ လုပ်ငန်းအဖွဲ့အစည်းအသီးသီးမှNGO, INGO များနှင့်ပူးပေါင်း၍ ပညာပေးကာကွယ်ခြင်း၊ ဆေးစွဲမှုကုသခြင်း၊ ဆေးစွဲသူများအား ပြုစုစောင့် ရှောက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် လူမှုရေးအထောက်အပံ့များပေးခြင်း လုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ မူယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး((UNODC)မှ ပေးပို့သည့် ဆောင်ပုဒ်တွင် ခွဲခြားနှိမ့်ချကင်းစင်ဝေး၊ ကာကွယ်ရေးကိုအလေးပေး၊ လူသား အားလုံးကျန်းမာရေး (People First: stop stigma and discrimination, strengthen prevention)ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးပြဿနာသည် လူသားထုတစ်ရပ်လုံး၏ ပြဿနာ ဖြစ်သည့်အတွက် မူးယစ်ဆေးဝါး အမြစ်ပြတ် တိုက်ဖျက်ေချေမှုန်းရေးကို ပြည်သူ တစ်ရပ်လုံးက အမျိုးသားရေးတာဝန် အဖြစ်ခံယူပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ် ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ဖတ်ကြားသည်။

ထို့နောက်(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗဟိုအဆင့်ဆုရရှိသူများနှင့် တိုင်းဒေသကြီး အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင်  ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် မကွေးတပ်နယ်မှူးတို့က ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုအားပြသကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အကြီးအကဲများ၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြို့တော်ခန်းမအတွင်း အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များ၊ ပိုစတာများ၊ ဆုရ ကဗျာ၊ ကာတွန်း၊ ပိုစတာများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ