ဘားအံ ဇွန် ၂၇
ကရင်ပြည်နယ်၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ (၅)လတာကာလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း(၁၃၆)မှုဖြင့် တရားခံပေါင်း(၁၆၈)ဦးကို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာပြီး ဒေသတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ နယ်မြေအလိုက် စီမံချက်များရေးဆွဲပြီး နေ့စဉ်ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း(၄၄၁)မှု၊ တရားခံ(၆၄၇)ဦး၊ ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း(၄၉၀)မှု၊ တရားခံ(၆၂၅)ဦး၊ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့ထိ မူးယစ်ဆေးဝါးအမှုပေါင်း(၁၃၆)မှု၊ တရားခံ(၁၆၈)ဦးတို့ကို စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ်၊ ဘိန်းစာရွက်၊ ကတ်တမင်း အစရှိသော မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ လျှော့ချနိုင်ရေးအတွက် တားဆီးနှိမ်နှင်းရေးလုပ်ငန်းများကိုသာမက နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူများအား ပြည်သူလူထုအခြေပြု မူးယစ်ဆေးစွဲကုသရေးအစီ အစဉ်များဖြင့် ဆေးဝါးကုသပေးမှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဖတ်ကြားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီ/ပိုစတာပြိုင်ပွဲ ပြည်နယ်အဆင့်ဆုရရှိသူ (၆၁)ဦးနှင့် အဆိုပါပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုရရှိသူများနှင့်အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကာ မူးယစ်ဆေးဝါးအသိပညာပေးပြခန်းနှင့် ရွေ့လျားပညာပေးမော်တော်ယာဉ်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အလားတူ Digital စနစ်ဖြင့် အချက်အလက်များအား မှတ်ပုံတင်နှင့် Database အတွင်း ထိန်းသိမ်းသည့်စနစ် Biometric Enrollment And UID Management System အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း မြို့နယ်အလိုက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားခွင့်ပြု ကိုယ်ရေးမှတ်တမ်းများအား Biograph Registration System နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များအား Household Registration System အတွင်းသို့ ရိုက်သွင်းခဲ့ရာ ယခုအခါ ရာခိုင်နှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ Biometric အချက်အလက်(၃)ချက်ဖြစ်သော (လက်ဗွေ၊ မျက်နှာသွင် ပြင်၊ မျက်လုံးသူငယ်အိမ်) တို့နှင့် Biographic အချက်(၆)ချက်ဖြစ်သော (အမည်၊ အသက်၊ လိင်၊ ကိုင်ဆောင်သည့် ကတ်ပြားအမှတ်၊ လက်ရှိနေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ @email)စသည့်အချက်အလက်များကို Digital System Enrollment Device စက်ပစ္စည်းများကို အသုံးပြုကောက်ယူသွားမည်ဖြစ်ကြောင်း၊ Biometric အချက်အလက်များအား ကောက်ယူရာတွင် Enrollment Device တစ်စုံကို တစ်နေ့လျှင် ၇၀ ဦးခန့် ကောက်ယူနိုင်မည်ဖြစ်ပြီး မြို့နယ်များတွင် Biometric အချက်အလက်များအား ကောက်ယူနိုင်ရေး ယာယီစာရင်းကောက်များနှင့်ကြီးကြပ်သူများက Enrollment Device စက်များကို သေချာစွာအသုံးပြုပြီး မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန် ကောက်ယူနိုင်ရေး သင်တန်းပို့ချရခြင်းဖြစ်၍ သင်တန်းသားများအနေဖြင့် စိတ်ဝင်တစားသေချာစွာမှတ်သားကြရန်နှင့် သတ်မှတ်ကာလအတွင်း သတ်မှတ်အရေအတွက် ပြီးမြောက်အောင်မြင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးစိုးလွင်မှ Biometric အချက်အလက်ကောက်ယူခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က Biometric အချက်အလက်ကောက်ယူရေး သင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းစရိတ် ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် Biometric Enrollment And UID Management System ဖြင့် အချက်အလက်များအား မှတ်ပုံတင်နှင့် Database အတွင်းထိန်းသိမ်းသည့်စနစ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့် စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)