ရွှေဘို ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို အ.မ.က ဘူတာ(က)ကျောင်းတွင် ယနေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က၊ အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲတွင်၊ ပထမ ဆု၊ ဒုတိယဆု၊ တတိယဆု၊ ရရှိကြသူများအားဆုတံဆိပ်၊ ဆုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆုချီးမြှင့်ပွဲသို့ ကျောင်းသား ကျောင်းသူများ ဆရာဆရာမများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)