အိမ်မဲမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ ရပ်ကွက်(၅)ခုအတွင်း တစ်ပါတ်တစ်ကြိမ် လှည့်လည်ရောင်းချပေး

အိမ်မဲ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပူးပေါင်း၍ စာချွန်ခံရပ်ကွက်တွင် ရောင်းချပေးခဲ့သည်။

ထိုကဲ့သို့ရောင်းချပေးရာ၌ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ငါး လုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ စာချွန်ခံရပ်ကွက်နေပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ရည်ရွယ်ပြီး ဆန်(၅)အိတ် ဆန်တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ အမဲသား (၅)ပိဿာ တစ်ပိဿာ လျှင် (၁၃၀၀၀)ကျပ်၊ စားသုံးဆီ (၁၀)ပိဿာ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်တို့ဖြင့် စျေးနှုန်းလျော့ချ၍ ရောင်းချပေးပြီး ဟင်းသီးဟင်းရွက်များကို လှူဒါန်းပေးခဲ့ရာ ပြည်သူများက ပျော်ရွှင်စွာဝယ်ယူ ခဲ့ကြကြောင်းသိရသည်။

“ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေစားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ အခုလိုရောင်းချခြင်းများကို မြို့ပေါ်(၅)ရပ်ကွက်မှာ တနင်္လါနေ့တိုင်း တစ်ပါတ်တစ်ကြိမ်လှည့်လည် ရောင်းချသွားမှာဖြစ်ကြောင်း” မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော် ပြောကြားချက်အရသိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)