ထီးချိုင့် ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်နှင့် ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသား ရေးအသွင်တိုက်ဖျက်၊ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာရမည့် အချက်များ စသည့် အကြောင်းအရာများ ပါဝင်ပါသည်။
"မူးယစ်အန္တာရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ်ဘဝသစ်" ဟူသည့်ဆောင်ပုဒ်အတိုင်း ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေရခြင်းဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)