အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်

ကသာ ဇွန် ၂၆

ကသာခရိုင်၊ ကသာမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၁)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်နှင့်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ကသာခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ဖတ်ကြားခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းများအား Video Clip ဖြင့် အသိပညာပေးပြသခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဝတ္ထုတို၊ ပိုစတာ၊ ပန်းချီ၊ကွန်ပျူတာပန်းချီနှင့် ကာတွန်းပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများအား ခရိုင်မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/ ကျောင်းသူများက ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်ပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည်ပရိတ်သတ်များကို ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ မုန့်လက်ဆောင်းများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)