ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ပခုက္ကူ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငြိမ်းချမ်းထွန်းက “မုန်တိုင်းအန္တရာယ်၊ မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ ရေးဘေးအန္တရာယ်များအကြောင်း” ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်ကိုဦးက  “သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ရှောင်ရန်၊ ဆောင်ရန်အချက်များ အကြောင်း”ကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက “ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်းများ၊ ကလေးသူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် အချက်များ” အကြောင်းကိုလည်းကောင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ် နှင့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ မိဘနှင့်သား၊ သမီးအကြား၊ ဆရာနှင့်တပည့်အကြား ထားရှိရမည့် ဂါရဝတရားများ၊ လူငယ်များလိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ငါးဖြာ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအကြောင်း” တို့ကိုလည်းကောင်း အသီးသီးရှင်းလင်း ဟောပြောကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(လူငယ်)များအား ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်နေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)