လွိုင်ကော် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အနာဂတ်လူသားအရင်းအမြစ်များဖြစ်သော ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သက်ဆိုင်ရာဌာနများက အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်၏ ရည်မှန်းချက်အရပြောင်းလဲလာသည့် မူးယစ်ဆေးဝါးပြဿနာများအပေါ်သုံးသပ်ပြီး အမျိုးသားရေးအသိစိတ်ဓါတ်ဖြင့် သက်ဆိုင်ရာဌာနများက တိုင်းရင်းသားပြည်သူများ၏ အတူတကွပူးပေါင်းပါဝင်မှုအားဖြင့် ထိထိရောက်ရောက်ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှပေးပို့သော သဝဏ်လွှာအား ကယားပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဗိုလ်မှူးကြီးမြင့်ဝေက ဖတ်ကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ဝတ္ထုတို၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအား ကြည့်ရှုခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားပြီး ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဆောင်ရွက်ချက်မှတ်တမ်းများ၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲဝင်ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ဝတ္ထုတို ၊ ဆောင်းပါးနှင့် ကဗျာများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)