အိမ်မဲ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကညင်ကွင်းကျေးရွာ တောင်သူ ဦးအုန်းကြည် ၏ လယ်ကွင်းအမှတ်-၈၅၊ ဦးပိုင်အမှတ် ၇/၁ တွင် ၂၀၂၃ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
“သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာမျိုးစေ့ ၄ ပြည်ကြဲပတ်ရပါတယ်။ စျေးနှုန်းက တော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီး မြေသြဇာအဖြင့် အသုံးပြုလို့ရပါပြီ။ တစ်ဧကကို သစ်စိမ်းမြေသြဇာ အစိုတန် (၁၀)တန် ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ(၂)အိတ်၊ တီစူပါ (အိတ်ဝက်)၊ ပိုတက်(၁)အိတ်နှုန်းနှင့် ညီမျှပါတယ်။ အခုယူရီးယားဓာတ်မြေသြဇာက (၁)အိတ်ကို ၇၀၀၀၀ ကျပ် လောက် စျေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးတဲ့အခါ မျိုးစေ့ဖိုး (၁၀၀၀၀) ကျပ်သာကျပြီး ယူရီးယား (၂)အိတ်နဲ့ ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်လို့” မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်က တောင်သူ ဦးအုန်းကြည်၏ စိုက်ပျိုးမြေ (၁၀)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးထားရှိကြောင်း၊ သစ်စိမ်းမြေသြဇာတစ်ဧက စိုက်ပျိုးလျှင် သစ်စိမ်းမြေသြဇာ အစိုတန် (၁၀)တန် ထွက်ရှိပြီး ယူရီးယား ဓာတ်မြေသြဇာ (၂)အိတ်၊ တီစူပါ အိတ်ဝက်၊ ပိုတက်(၁)အိတ်နှုန်းနှင့် ညီမျှကြောင်းကို ဝန်ကြီးချုပ်နှင့် တောင်သူများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများတို့မှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများနှင့် စိုက်ပျိုးရေးကိစ္စ များကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)