အုတ်တွင်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ယနေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးသည်။
အုတ်တွင်းမြို့နယ် ဘုရားနှစ်ဆူကျေးရွာ ရန်ကုန်-မန္တလေးလမ်းဘေးရှိ တောင်သူဦးတင်အေး၏ မိုးစပါးစိုက်ပျိုးမည့်လယ်မြေလေးဧကအား ကောက်စိုက်စက်ဖြင့် ဗန်း(၄၀၀)စိုက်ပျိုးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဝင်းအောင်က စိုက်ပျိုးမှုစနစ်မှန်ကန်ရေးနှင့်စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသခံတောင်သူများအား လမ်းညွှန်မှာကြားသည်။
ကောက်စိုက်စက်နှင့်စိုက်ပျိုးခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အလုပ်သမားရှာဖွေရမည့်အခက်အခဲများလျော့ကျခြင်း၊ တွင်ကျယ်၍ပြီးစီးမှုပိုမိုခြင်း၊ သက်သောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီးစပါးအထွက်နှုန်းကောင်းစေခြင်းအပြင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန်အတွက် ပျိုးထောင်ခြင်းနည်းစနစ်များဖြစ်သည့် သန့်စင်ပြီးရောဂါကင်းသော မိမိလယ်မြေနှင့်သင့်လျော်သောမျိုးစပါးကိုရွေးချယ်သင့်ပါကြောင်း၊ ကောက်စိုက်စက်အသုံးပြုမည့်လယ်ကွက်သည် ရေသွင်းရေထုတ်ကောင်းမွန်ရန်နှင့် လယ်မြေမျက်နှာပြင်ညီညာမှုရှိရန်လိုအပ်ပါကြောင်းနှင့် ကောက်စိုက်စက်နှင့်စိုက်ပျိုးရာတွင် တစ်ရက်ပြီးစီးမှု ၆ ဒသမ ၅ ဧကမှ ၈ ဒသမ ၅ ဧကအထိပြီးစီးကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိဦးကျော်ဟိန်းထံမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)