ရှားတော အောက်တိုဘာ ၉
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကူးရယ်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးစန်းဝင်းက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော နိုင်ငံရေးပါတီများနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မေးမြန်းခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးစန်းဝင်းက ဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)