ဂန့်ဂေါမြို့၊ မြို့မဈေးကြီးတွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ဂန့်ဂေါ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှုမရှိသည့် ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုလျော့ချရေး (Campaign) ကို ယနေ့နံနက်(၇)နာရီက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး (Campaign) ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအမှု ဆောင်အဖွဲ့ဝင်များပူးပေါင်း၍ မြို့မဈေးကြီးတွင် ရောင်းချနေသည့် ဆိုင်ခန်းရှင်များ၊ ဈေးသည်များနှင့် ဈေးဝယ်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များသည် နှစ်ပေါင်း(၅၀၀)မှ (၁၀၀၀)ခန့်ထိ အလွယ်တကူ ဆွေးမြေ့ကြေပျက်မှုမရှိဘဲ ကမ္ဘာ့ရေထုနှင့် မြေထုများအား ညစ်ညမ်းစေခြင်း၊ အပင်များနှင့် သက်ရှိသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေခြင်းကြောင့် မိမိတို့မြို့/ရွာများ၏ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ် အမြင်တင့်တယ်စေရေးအတွက် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်နှင့် ငှက်ပျောဖက်စသည့် အခြားထုပ်ပိုးပစ္စည်းများကို အစားထိုးအသုံးပြုကြရန် အသိပညာပေးခြင်းနှင့် စက္ကူ၊ အင်ဖက်နှင့် ငှက်ပျောဖက်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ဂန့်ဂေါမြို့၊ မြို့မဈေးကြီးတွင် အပတ်စဉ် တနင်္လာနေ့တိုင်းကို ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့အဖြစ် ဈေးသူ/ဈေးသားများ၊  ဈေးဝယ်သူများမှ လိုက်နာဆောင်ရွက်သွားရန် သတ်မှတ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဉာဏ်ဦး၏ ပြောပြချက်အရ သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)