ကျုံပျော်မြို့နယ် (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကျုံပျော် ဇွန် ၂၆

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင်  မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်ရေးအသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး အုပ်စုနှင့် အမျိုးအစား၊  မူးယစ်ဆေးသုံးစွဲခြင်းအကြောင်း၊ သွင်ပြင်လက္ခဏာနှင့် ဆိုးကျိုးများ၊ ကာကွယ်တားဆီးရေး ဆောင်ရွက်နေမှု၊ ပြဌာန်းထားသည့် ဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းသည်။

ဆွေးနွေး မေးမြန်းမှုနှင့် ပတ်သက်၍ ကျုံပျော်မြို့မ ရဲစခန်းမှ ဒုရဲအုပ် တင်မောင်ဝင်းက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေး ထုတ်လုပ်သည့် ဘိန်းပင်နှင့် အခြားအပင်များ၊ မူးယစ်ဆေးအဖြစ် သတ်မှတ်ထားသည့် ဆေးဝါးများနှင့် မူးယစ်ဆေးဝါး အုပ်စု (၅)မျိုးတွင် ပါဝင်သည့် အရာများကိုလည်းကောင်း၊ လူငယ်အများစုနှင့် မူးယစ်ဆေးဝါး စတင်အသုံးပြုသူတို့၏ အကြောင်းရင်းများ၊ ပြဿနာများ၊ အသိပညာ အားနည်းမှုများကို လည်းကောင်း၊  မူယစ်ဆေး သုံးစွဲသူ၏ သွင်ပြင်လက္ခဏာများကိုလည်းကောင်း၊  တိုက်ဖျက်ရေးလုပ်ငန်း၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူများအတွက် သတ်မှတ်ထားသည့် ပြစ်မှုပြစ်ဒဏ် စသည်တို့ကို အများပြည်သူ သိရှိနိုင်စေရန် အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ သည်။

ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ ဗဟုသုတရရှိစေရန်၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ ရရှိနိုင်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အတွေးအမြင် ကြွယ်ဝစေရန်အတွက် မိမိရုံးရှိ (Community Centre) ခန်းမတွင် ယခုကဲ့သို့ အသိ ပညာပေး Talk Show များကို လစဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)