ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့ရသည့် ကယားပြည်နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား အထူးသက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေး ပေးသွားမည်

လွိုင်ကော် အောက်တိုဘာ ၉

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် အထူး သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေးအတွက် အောက်တိုဘာ ၈ ညနေပိုင်းမှစ၍ လွိုင်ကော်မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် ဦးအောင်ဘိုဘိုလွင် ဧရိယာမန်နေဂျာ ၊ မိုက်ခရိုဖိုင်းနန့်ဒယ်လ်တာအင်တာ နေရှင်နယ်ကုမ္ပဏီလီမိတက်နှင့် ဦးနန်းဝင်းဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါ်ရိုစ့်ရည်မွန် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ကွင်းဆင်း စစ်ဆေးရေး အဖွဲ့သည် လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းများ ယာယီပိတ်သိမ်း ခဲ့ရသဖြင့် ထိခိုက်မှုရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ချေးငွေထုတ်ချေးရန် သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး သတ်မှတ် ချက်များနှင့် ကိုက်ညီသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ချေးငွေထုတ်ချေး ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ချေးငွေများထုတ်ချေးရာတွင် ရင်းနှီးမတည်ငွေကျပ် သိန်း (၁၅၀)အောက်တွင် လုပ်ငန်း လည်ပတ်နေသော ဆိုင်များကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ဆိုင်အရွယ်အစား၊ ချေးငွေ ပမာဏ သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ မတည်ငွေကျပ်သိန်း (၅၀)အထိ ဖွင့်လှစ် ရောင်းချသည့် ဆိုင်ငယ်များအား အများဆုံး ချေးငွေကျပ် (၃၅)သိန်း ၊ မတည်ငွေကျပ်သိန်း (၅၀)မှ သိန်း(၁၀၀) အထိ ဖွင့်လှစ်ရောင်းချသည့် ဆိုင်လတ်များအား အများဆုံး ငွေကျပ်သိန်း(၇၀) ၊ မတည်ငွေ ကျပ်သိန်း (၁၀၀)မှ ကျပ်သိန်း(၁၅၀)အထိဖွင့်လှစ်ရောင်းချသည့် ဆိုင်ကြီးများအား အများဆုံး ငွေကျပ်သိန်း(၁၀၀) ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ဆိုင်းငံ့ကာလမှာ (၃)လဖြစ်ပြီး ကျန်(၉)လအတွင်း (၃)လတစ်ကြိမ် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ပေးဆပ်သွားရမည်ဖြစ်ကြောင်း မိုက်ခရိုဖိုင်းနန့်ဒယ်လ်တာအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ ဧရိယာမန်နေဂျာ ဦးအောင်ဘိုဘိုလွင် ထံမှသိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)