ရွှေဘို ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ (၃၆) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးမျိုးဦးကအဖွင့်အမှာစကားပြောကြားပြီး၊ ဒုဥက္ကဋ္ဌခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ရာဇာဖြိုး ကမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးအန္တရာယ်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်အဆင့်ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ၌ ဆုရကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)