ကလိန်အောင် ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိုးဦးကာလ၌ ရာသီပေါ် ဒေသထွက် ကုန်ကြမ်းတစ်ခုဖြစ်သည့် အင်ဥများကို ရှာဖွေလုပ်ကိုင်သူများမှာ အဆင်ပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ရှိ အင်ဥရှာဖွေ လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
"မိုးကာလမှာဆိုတော့ အလုပ်အကိုင်က ပုံမှန်မရှိဘူးလေ၊ ဒါကြောင့် မိသားစုအတွက် စားဝတ်နေရေးအဆင်ပြေအောင် မိသားစုအလိုက် အင်ဥရှာ ထွက်ကြတယ်၊ တစ်ရက်ကို ငွေနှစ်သောင်းမှ သုံးသောင်းကျော်နီးပါးအထိ ဝင်ငွေရရှိတယ်" ဟု ၎င်းကပြောသည်။
အခုလို အင်တောများရှိရာ တောင်ပေါ်များသို့ သွာရောက်၍ အင်ဖက်အောက်ရှိ မြေကြီးများကို တူးဖော်ရာပြီး ရရှိလာတဲ့ အင်ဥများကို ဈေးအ တွင်း ဖောက်သည်ဝယ်ယူသူများကို နို့ဆီဘူး တစ်ဘူးလျှင် ငွေ (၁၀၀၀) ကျပ်နဲ့ ရောင်းချကြသည်။
"အင်ဥရှာဖွေ လုပ်ကိုင်သူများထံမှတဆင့် ဝယ်ယူရရှိသော အင်ဥများကို ကျနော်တို့က ထားဝယ်၊ ရေးမြို့ဘက်ကို ပြန်လည်ပြီးတော့ တစ်ဘူးကို ငွေ၂၅၀၀ ကျပ်အထိ တင်ပို့ရောင်းချရတယ်" ဟု အင်ဥ ဝယ်ယူလုပ်ကိုင်သူတစ်ဦးက ပြောသည်။
အင်ဥဟာ တနှစ်ပတ်လုံးမှာမှ မိုးဦးကာလ တချိန်တည်းမှာသာပေါ်တဲ့ အစားအစားတမျိုးဖြစ်ပြီး ဥရောပနိုင်ငံတွေ၊ မြောက်အမေရိကနိုင်ငံတွေနဲ့ အာရှနိုင်ငံအများစုမှာ တွေ့ရတာကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ရှင်သန်ပေါက်ရောက်တဲ့ မှိုမျိုးနွယ်ဝင် အစားအစာ တမျိုးဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့