အမာ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ (၂)ဘဝသစ်ကျေးရွာရှိ ပျဉ်ဒရယ် သစ်တောကြိုးဝိုင်းအတွင်း ဒီရေတောသစ်ပင်ဧက (၂၀) စိုက်ပျိုးပွဲအခမ်းအနားကို (၂)ဘဝသစ်ကျေးရွာ၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးပြည့်စုံဝင်းက ဒီရေတောစိုက်ခင်းများ စိုက်ပျိုးမှုနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမာမြို့၊ သစ်တောဦးစီးဌာနမှ၊ တောအုပ်ဂျက်မောင်မောင်က ဒီရေတောစိုက်ခင်းများ စိုက်ပျိုးရခြင်းနှင့်ပတ်သက်သည့်အကြောင်းများ၊ သစ်တောဂရန်အကြောင်းများ၊ စိုက်ခင်းများစိုက်ပျိုးဆောင်ရွက်ရာ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်ရရှိသည့် အကျိုးကျေးဇူးများ၊ စိုက်ခင်းတစ်ခင်း အောင်မြင်ရန်လိုအပ်သည့်အချက်များ စသည်တို့ကိုရှင်းလင်းပြောကြား ပြီးနောက် PTTEP International Limited (Yangon Branch ) မှ Mr. Arraya Chamtin က ဒီရေတောစိုက်ခင်းများ စိုက်ပျိုးရသည့်ရည်ရွယ်ချက်များ၊ ဒေသခံပြည်သူများရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင် ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ရရှိနိုင်သည့်အကျိုးကျေးဇူးများ အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ဒီရေတောစိုက်ခင်းရှိရာသို့ သွားရောက်ကြကာ သမဲ့ပင် ၁၅၀၀ ကို စိုက်ပျိုးခဲ့ကြပြီး ကျန်ရှိဧကများကို ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးပြည့်စုံဝင်း၊ အမာနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သူရ၊ သစ်တောဦးစီးဌာန တောအုပ်ဂျက်မောင်မောင်နှင့် ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ PTTEP International Limited (Yangon Branch ) မှ Mr. Arraya Chamtin နှင့် အဖွဲ့ဝင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဒေသခံဒီရေတောစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အမာ (ပြန်/ဆက်)