ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေ‌အနေအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် အချိန်မီ ပြီးစီရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၈ ဒသမ ၀၆၁ သန်းဖြင့် ‌လမ်းအရှည်ပေ တစ်မိုင်၊ သုည ဒသမ ၂၄ ဖာလုံ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု တစ်ပေ ကိုးလက်မ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်ခင်းခြင်း၊ Slab Culvert တံတား(၁)စင်းနှင့် အကျယ်အဝန်း (၁၆ပေ × ၆ပေ × ၆ပေ) ရေပြွန်(၃)ခုတို့ကို ထည့်သွင်းတည်ဆောက်ပြီး ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို တင်ဒါအောင်မြင်သည့် မကွေးမြို့ Shwe Group ကုမ္ပဏီမှ ယခုလ ၁၈ ရက်နေ့က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး လမ်းအူကြောင်းဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းအား တာဝန်ယူဆောင်ရွက်သည့် Shwe Group ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်း ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာအပါအဝင် ကျေးရွာ (၂ရွာမှ အိမ်ခြေ ၇၆၅ အိမ်မှ လူဦးရေ ၃၇၄၂ ဦး၏ သီးနှံစိုက်ပျိုးလယ်မြေဧက ၃၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် သီးနှံစိုက်ခင်းများမှ ထွက်ရှိသော ဒေသထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြု‌ပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)