ဒေးဒရဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ဒေးဒရဲ ဇွန် ၂၆

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်း၍ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး အမျိုးသမီးများ မိမိကိုယ်ကို ရပ်တည်နေထိုင်ရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီမြင့်က သင်တန်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၀င်များ၊ မြို့ပေါ်ရပ်ကွက်များက စိတ်ပါ၀င်စားသူ(၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြများအဖြစ် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံအိမ်တွင်း သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းမှူးနော်ချယ်ရီရွှေ၊ လက်ထောက်နည်းပြ ဒေါ်မေမြတ်သူတို့က မုန့်မျိုးစုံပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နေ့စဥ် နံနက်(၁၀)နာရီမှ ညနေ (၄)နာရီထိ (၅) ရက်ကြာ (အခမဲ့)သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း