လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

လိပ်သို ဇွန် ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှါးရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ် ပေးပြီး  စာအုပ်စာစောင်များကို အခမဲ့ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူ လေးများအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ် စာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့်နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်း ပြောကြားပြီးနောက် တိုင်းရင်းသား ရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို အခမဲ့ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/ကျောင်းသူ လေးများ အသိပညာဗဟုသုတ တိုးပွားစေရေး အတွက် စာအုပ်စာစောင်များကို  လက်ဝယ်အရောက် ငှါးရမ်းပေးခြင်းလုပ်ငန်းတို့အပြင်  စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်  Online  မှတစ်ဆင့်  Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။   

ခင်လေးနွယ်