ဆိပ်ဖြူ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက မြင်ကဝကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီအရာရှိ ဦးဇော်နေလင်းက ကျောင်းသား/ကျောင်းသူများအား စားသုံးရန်မသင့်သည့်အစားအစာများ အကြောင်းကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ပြောကြားပြီး ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်၊ ဓာတ်ပုံများ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာအသိပေးလမ်းညွှန်ချက်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)