ကျောက်မြောင်း ဇွန်လ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် မိုးမြေပဲ ပန်းတိုင် အထက်ထွက်ရှိရေး စံပြကွက် ကွင်းသရုပ်ပြပွဲကို နံနက်(၀၇:၀၀)နာရီ အချိန်က ကျောက်မြောင်းမြို့၊ အမှတ်(၄)ရပ်ကွက် ကွင်းအမှတ်(၂၆၈၄)တောင်သူ ဦးကျော်ဦး၏ ယာမြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းမှ မြေပဲစိုက်တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်း(၁)ဧက(၇၀)တင်း ထွက်ရှိနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရန်အတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ ဓာတ်မြေဩဇာကို အချိန်ကိုက် အသုံးပြုခြင်း စသည့် ဆောင်ရွက်ရမည့်နည်းလမ်းများကို တောင်သူများ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်စေရန် လက်တွေ့သရုပ်ပြပြီး ရှင်းလင်းပြောကြားခဲ့သည်။ ယခုလိုကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်းမှာ တောင်သူများ စိုက်ပျိုးရေးနည်းစနစ်များ စနစ်တကျသိရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ဒေါ်ခင်ဝင်းမှ ကျောက်မြောင်းမြို့အနေဖြင့် ယခုနှစ် မိုးမြေပဲလျာထားဧကမှာ(၁၂၈၅၀)ရှိပြီး မြေပဲပန်းတိုင်အထက်ထွက်ရှိနိုင်ရေး(၄၂၈၃) ဧကကို ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့သည်။ မြေပဲစိုက်တောင်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ဆီမှာ အဓိကစားကုန်တစ်ခုဖြစ်ပြီး ယခုလို ပန်းတိုင်အထက်ထွက်ရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ဆီစားသုံးမှု ဖြည့်ဆည်းနိုင်သည့်အပြင် သီးနှံအထွက်နှုန်းကောင်းခြင်းကြောင့် တောင်သူများ စီးပွားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကွင်းသရုပ်ပြပွဲတွင် တောင်သူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျောက်မြောင်း(ပြန်/ဆက်)