ပြည်မြို့ပညာရေးဒီဂရီကောလိပ်မှ အခြေခံပညာဆရာ၊ ဆရာမလောင်းလျာ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြော

ပြည် ဇွန် ၂၆

ပြည်မြို့ပညာရေးဒီဂရီကောလိပ်မှ အခြေခံပညာဆရာ၊ ဆရာမလောင်းလျာ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားရရှိပြီး ဆက်လက်မျှဝေဆောင်ရွက်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဇွန် ၂၃ ရက်နံနက်ပိုင်းက ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကောလိပ် ဘက်စုံသုံးခန်းမဆောင်၌ "စားသုံးသူကာကွယ်ရေးဆိုင်ရာ" အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့‌သည်။

အသိပညာပေးဟောပြောပွဲတွင် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအကြောင်းနှင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် လိုက်နာရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရမည့်နည်းလမ်းများနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ဟောပြောပွဲသို့ အဆိုပါကောလိပ်ကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၁၀၀ ကျော်တက်ရောက်ပြီး ဟောပြောပွဲမှအသိပညာဗဟုသုတများကို ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်မည့် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမ လောင်းလျာများမှတစ်ဆင့် မိမိတို့လုပ်ငန်းခွင်နယ်ပယ်၌ မျိုးဆက်သစ်အခြေခံပညာ‌ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအား ယင်းအသိပညာများဆက်လက်ဖြန့်ဝေဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)