ဖျာပုံ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံ စားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ်(၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။ ထိုသို့ ရောင်းချပေးရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်၊ ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာကျော်မြင့်၊ မြို့နယ်ပင် သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများသည် ဖျာပုံမြို့ အမှတ်(၁၇) ရပ်ကွက်အတွင်းရှိ ပြည်သူများအခြေခံ စားသောက်ကုန် ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆီ(၁)ပိဿာလျှင် (၄၂၀၀)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် (၂၃ဝ)ကျပ်၊ အမဲသား (၁) ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကန်စွန်းရွက်ချဥ်ပေါင်ရွက် စသော ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေးလျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသော စျေးနှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ်၊ တနင်္လာနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)