နတ်မောက် ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် “EI-Dစနစ်ဖြင့် လူမှုစီးပွားဘဝအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာများ၏ Biometric အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Biometric အချက်အလက်များ ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြန်/ဆက်ဦးစီးဌာန၊ တိုင်းရင်းဆေး၊ တရားရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနများရှိ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူ မိသားစုဝင်များ၏ Biometric အချက်အလက်များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး၊ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးလျက်ရှိရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ပထမအဆင့်အနေဖြင့် တစ်ရက်လျှင် လူဦးရေ(၇၀)ဦးနှုန်းဖြင့် စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
လှဝင်း