မင်းလှမြို့ ဇေယျာသီရိစျေးတွင် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

အထက်မင်းလှ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေးအတွက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ယနေ့နံနက် ၈ နာရီက မင်းလှမြို့ ဇေယျာသီရိစျေးတွင် စျေးရောင်းစျေးဝယ်ပြည်သူများ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကြွပ်ကြွပ်အိတ်သုံးစွဲခြင်းကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ကျရောက်နေမှုများ၊ ကျန်းမာရေးဆိုင်ရာဆိုးကျိုး ဖြစ်ပေါ်နေမှုများ၊ ကြွပ်ကြွပ်အိတ်အသုံးပြုခြင်း၏ ဆိုးကျိုးများနှင့် လူသားတို့၏ နေ့စဉ်အမူအကျင့်များကို ပြုပြင်ပြောင်းလဲရာတွင် ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ဗန်ဒါဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်အမျိုးမျိုးဖြင့် အစားထိုးသုံးစွဲရန်စသည်တို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)