ပွင့်ဖြူ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့်ပြည်သူများ တစ်ခါသုံး ပလတ်စတစ်ကြွပ်ကြွပ်အိတ် လျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်ကြွပ်ကြွပ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်း အသိပညာပေး (Campaign) လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတာဝန်ခံရုံး၌ ယနေ့နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပလတ်စတစ်ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲရေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန်နှင့်က လူနေမှုဘဝဖွံ့ဖြိုးစေရန်နှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရန် ပလတ်စတစ်ကြွပ်ကြွပ်အိတ် အလွန်အကျွံသုံးစွဲခြင်းနှင့် စည်းကမ်းမဲ့ စွန့်ပစ်မှုများကို ဆင်ခြင်သတိပြုကြရန် လိုအပ်ကြောင်း၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၏ ဆိုးကျိုးများနှင့် ပလတ်စတစ်လျော့ချ သုံးစွဲရေးဆိုင်ရာများ၊ ပလတ်စတစ် အမျိုးအစားများနှင့် ပြန်လည်အသုံးမပြုသင့်သည့် အမျိုးအစားများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ ပလတ်စတစ်လျော့ ချသင့်သည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့မှစပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများနှင့် ကုန်စုံဆိုင်များတွင် ပလတ်စတစ်ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲရေးနှင့် ပလတ်စတစ် ကြွပ်ကြွပ်အိတ်အစားထိုး တစ်ခါသုံးပစ္စည်းများဖြစ်သည့် (စက္ကူ၊ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်) စသည့် အခြားထုတ်ပိုးပစ္စည်းများ အသုံးပြုရေးတို့ကို ဈေးရောင်းဈေးဝယ်သူများ သိရှိစေရန် ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ယခုကဲ့သို့ ပလတ်စတစ်ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲရေး အသိပညာပေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းတွင် ပလတ်စတစ် ကြွပ်ကြွပ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ကာ ဈေးရောင်းဈေးဝယ်သူများ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )