ငဖဲမြို့နယ်တွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ်တနင်္လာနေ့တိုင်းမသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ငဖဲ ဇွန် ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလပ်စတစ်ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ်တနင်္လာနေ့တိုင်း မသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီက ငဖဲမြို့မဈေးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား  အခမဲ့ဖြန့်ဝေပေးခဲ့သည်။    

ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ်တနင်္လာနေ့တိုင်းမသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်တွင် ၅၀ ရာခိုင်နှုန်းသော ပလတ်စတစ်အိတ်တွေကို တစ်ခါသုံးပြီးတာနဲ့ စွန့်ပစ် လိုက်တာကြောင့် ပင်လယ်ထဲမှာ ပလတ်စတစ်အရေအတွက်များပြားလာပြီး လူသားတို့မှီခိုနေရတဲ့ ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးစေကြောင်း၊ ဈေးဝယ်ထွက်ပါက ဈေးဆွဲခြင်း ဒါမှမဟုတ် ပြန်သုံးလို့ရသော အိတ်လေးများသုံးစွဲပြီး ဈေးဝယ်ကြရန်ပါရှိသည်။

အဆိုပါ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုများကို ဇွန်လ ၂၆ ရက်နေ့မှစ၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရန် ဈေးရောင်းဈေးဝယ်ပြည်သူများအား ငဖဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးရဲမြင့်ထွန်းနှင့် ဝန်ထမ်းများ၊  စည်ပင်ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်းနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က အသိပညာပေးပြောကြားပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)