ကြို့ပင်ကောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများပေးအပ်လှူဒါန်း

ကြို့ပင်ကောက် အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ကိုဗစ်ကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ကြို့ပင်ကောက်မြို့တွင် ယနေ့အထိကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၇)ဦး အထိ စောင့်ကြည့်ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း အတည်ပြု လူနာများဖြင့်ထိတွေ့ခဲ့သောသူများ များပြားစွာရှိနေနိုင်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကုသရေးအထောက်အကူပြုလုပ်ငန်းသုံးပစ္စည်းများ လိုအပ်လျက် ရှိကြောင်း၊ လက်ရှိမှာလည်း အလှူရှင်များ လှူဒါန်းထားသော ကုသရေးပစ္စည်း များလည်း ရရှိထားပြီ ဖြစ်ကြောင်း၊ အခုလိုလှူဒါန်းပေးသောအလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ယခုလှူဒါန်းသောအလှူငွေများဖြင့် ဝယ်ယူရရှိသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများသည် ကိုဗစ်အလွန် ကာလ၌ မြို့နယ်ပြည်သူ့ဆေးရုံ လူနာများအား ကုသရေး လုပ်ငန်းများတွင်လည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်၍ များစွာအကျိုးရှိပါကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များမှလှူဒါန်းသော အလှူငွေကျပ် ၁၈၅၀၀၀၀ ကျပ်ကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးမြင့်အောင်က အလှူရှင်များအားကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)