ကံမ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြုဗဟိုဌာန)၌ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁}နာရီက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့်စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ “ဘဝအသစ်ရဲ့အစများ”စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က စာဖတ်ဝိုင်းဆွေးနွေးရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး (BookClub) အဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဝင်းက စာဖတ်ဝိုင်းဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး စာပေမှရရှိသော သုတရသဗဟုသုတများ ပြန်လည်မျှဝေခြင်းဖြင့် စာပေ၏အနှစ်သာရများရရှိကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် စာရေးဆရာမ ခင်စောတင့်၏ “ဘဝအသစ်ရဲ့အစများ” စာအုပ်မှ “အမြင်ခြင်းတော့မတူပါလေ” ခေါင်းစဉ်အား(Book Club) အဖွဲ့ဝင် ဒေါ်အေးအေးမွန်က လည်းကောင်း၊ “အလေးအနက်ဆင်ခြင်မှုမှတစ်ဆင့် အတွေးအမြင်ကြည်လင်မှုသို့” ခေါင်းစဉ်အား ဒေါ်ခင်မာမျိုးကလည်းကောင်း ဆွေးနွေးပြောကြားကြရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအဖွဲ့မှ မိမိတို့အတွေးအမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)