နတ်မောက် ဇွန် ၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ တမာပင်ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာနက ဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်၊ မြို့နယ်အမျိုးသမီးရေးရာအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမများက ပိုးလောက်လန်းများမျိုးပွားရှင်သန်မှု မရှိစေရန် ဘုရားပန်းအိုး၊ ကျောက်စည်၊ ရေအိုးနှင့်ရေနုတ် မြောင်းများစသည့်နေရာများတွင် ခြင်များခိုအောင်းမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊စစ်လုပ်ငန်းများကို ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပညာပေးပြောကြားခဲ့ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ပိုးလောက်လန်းများရှာဖွေခြင်း၊ နေအိမ်များ၌ ပုံမှန်အသုံးပြုလျက်ရှိသည့် ရေလှောင် ကန်၊ ရေစင်၊ ရေပုံးများ၊ ရေအိုး၊ ရေစည်များတွင် ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပြုလုပ်ပေးပြီး မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာများက အဘိတ်ဆေးခတ်ခြင်းကို တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း