မုံရွာ ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဇွန်လ ၂၆ ရက် နံနက် ၈ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားမူးယစ် ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား ကဗျာ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး အန္တရာယ် အမျိုးသားရေး အသွင်တိုက်ဖျက် စသည့် လေ့လာမှတ်သားစရာများ ပါရှိပြီး အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)က စီစဉ် ထုတ်ဝေကာ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ ခရိုင်နှင့် မြို့နယ် မြို့ရုံးများက အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်အနေဖြင့် အဆိုပါ လက်ကမ်းစာစောင်များကို မုံရွာမြို့နှင့် ချောင်းဦးမြို့တို့တွင် စောင်ရေ(၁၅၃၀) စောင်၊ ဘုတလင်နှင့် အရာတော်မြို့တို့တွင် စောင်ရေ (၉၀၀) စောင်၊ စုစုပေါင်း စောင်ရေ (၂၄၃၀) စောင်ကို အခြေခံပညာကျောင်းများ၊ အခမ်းအနားများ၊ သင်တန်း များတွင် ပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)