ကျိုက်လတ် ဇဝနဗုဒ္ဓအကယ်ဒမီ၌ ကျောင်းသားသစ်ကြိုဆိုပွဲနှင့် သြဝါဒခံယူပွဲ ကျင်းပ

ကျိုက်လတ် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ  ဇဝနဗုဒ္ဓ အကယ်ဒမီတွင် (၆)ကြိမ်မြောက်အဖြစ် ကျောင်းသားသစ်ကြိုဆိုပွဲနှင့် သြဝါဒခံယူပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဇဝနဗုဒ္ဓအကယ်ဒမီ၏ အဓိပတိ ဆရာတော် ဘဒ္ဒန္တဇဝနဝံသမထေရ်၊ ဇေတဝန်ကျောင်းဆရာတော်၊ ဖျာပုံမြို့ တိုက်သစ်ကျောင်း ဆရာတော်နှင့် ကျိုက်လတ်မြို့ ဃောသိတာရုံကျောင်းဆရာတော်တို့မှ သြဝါဒစကား မိန့်ကြားရာတွင် ပရိယတ္တိစာပေကို ကြိုးစားအားထုတ် ကြရမည်ဖြစ်ကြောင်း၊ သာသနာတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ကျောင်းတိုက်၏ စည်းမျဥ်း၊ စည်းကမ်းများကို လိုက်နာပြီး စည်းလုံးညီညွတ်စွာဖြင့် ဝိနည်း၊ သိက္ခာတို့ကို ထိန်းသိမ်း၍ သာသနာပြုနိုင်ကြပါစေကြောင်း ထည့်သွင်းမိန့်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်မြင့်နှင့် အကျိုးတော်ဆောင်နာယကကြီး အဂ္ဂမဟာဥပကာရပါရဂူ ဦးစိန်ကြည်တို့က ဝမ်းမြောက်ဂုဏ်ပြုစကားများ လျှောက်ထားပြီး ကျောင်းသားများက ကျောင်းတက်လျှောက်လွှာများကို ဆရာတော်များထံ အပ်နှံခဲ့ကြသည်။ ဆက်လက်၍ ၁၃၈၄ ခု ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သံဃာတော်များကို ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာတော်များအား လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရီရီမြင့်