ပြည်မြို့အဝင် (ဆင်မကြပ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်

ပြည် အောက်တိုဘာ  ၉

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင်(ဆင်မကြပ်) ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်၌ နေ့စဉ်(၂၄)နာရီ စစ်ဆေးမှူများ ပြုလုပ်လျက်ရှိပြီး၊ အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ပြည်မြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ကားကြီးများ အပါအဝင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို  ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်၊ သွားရောက်မည့်နေရာတို့ကို စစ်ဆေးမေးမြန်း၍ မှတ်တမ်း ရေးသွင်းခြင်း၊ ယာဉ်ပေါ်ပါသူအားလုံးကို သက်ဆိုင်ရာ ဒေသအလိုက် အုပ်ချုပ်ရေး အဖွဲ့နှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ ခရီးသွား ထောက်ခံချက်နှင့် ကျန်းမာရေး ထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်းတို့ကို ပြည်မြို့အဝင် (ဆင်မကြပ်) လမ်းဆုံဂိတ်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့များက အဆိုင်းသုံးဆိုင်းဖြင့် နေ့ညမပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး (ဆင်မကြပ်) ဂိတ်၌ တာဝန်ကျ ဝန်ထမ်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ဒေသဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မြို့တွင်းဝင်/ထွက်မှု အခြေအနေကို စနစ်တကျ ကြပ်မတ်စစ်ဆေးလျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

မင်းမင်းစိုး(ပြန်/ဆက်)