အ.ထ.က (ကျွန်းလှ) ၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

ကျွန်းလှ ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)တွင် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ထပ်ကျောင်းဆောင်သစ် အလျား ၁၂၀၊ အမြင့် ၃၀ ပေကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က စတင်ပြီး  မြကျွန်းပြည်သာ ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ရာ ၅၀ ရာခိုင်နှုန်းပြီးခဲ့ကြောင်း၊ ၂၀၂၃-၂၀၂‌၄ ဘဏ္ဍာနှစ်တွင် ဆက်လက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခု အခါ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျွန်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ KG မှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူ ၁၁၃၄ ဦးရှိခဲ့ပြီး ယခု ပညာသင်နှစ်တွင် KG မှ Grade-12 အထိကျောင်းသား၊ ကျောင်းသူ ၁၄၉၁ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ