ဘားအံ ဇွန် ၂၅
ကရင်ပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)မှ ကြီးမှူးဖွင့်လှစ်သော သံဃနာယကနှင့် ဝိနည်းဓိုရ် ပြည်နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က တောင်တန်းသာသနာပြု (ဗဟို)ကျောင်း၌ ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ ပြည်နယ်သံဃနာယကအဖွဲ့ (သုဓမ္မာဂိုဏ်း) ဥက္ကဋ္ဌ လှိုင်းဘွဲ မြို့မကျောင်းဆရာတော်ဘဒ္ဒန္တခေမိဿရာလင်္ကာရတို့ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့သည့် နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင် ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒကထာ နာယူကြည်ညိုကြပြီး ကရင်ပြည်နယ်သံဃနာယကအဖွဲ့(သုဓမ္မာဂိုဏ်း) ဥက္ကဋ္ဌ လှိုင်းဘွဲမြို့မကျောင်းဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကာရက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဖတ်ကြားသည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဝိနည်းဓိုရ်စာအုပ်များ၊ စာရေးကိရိယာများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၅၉၅၀၀၀၀(ငါးဆယ်ကိုးသိန်းငါးသောင်းကျပ်)ကို တာဝန်ရှိဥပသကာထံ ပေးအပ်လှူဒါန်းကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ သင်တန်းဖွင့်ပွဲအခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
ပြည်နယ်အတွင်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ ပါဝင်တော်မူကြသော ဆရာတော်များအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကျွမ်းကျင်အောင်လေ့လာနိုင်ကြရန်၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှုအားနည်းခြင်းမရှိစေရန်၊ အရည်အသွေးများမြှင့်တင်ပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်းရှိ (ဂိုဏ်းစုံ) ဆရာတော်၊ သံဃာတော် ၆၅ ပါး တက်ရောက်လျက်ရှိကာ ဓမ္မရေးရာအဖြာဖြာ၊ သံဃနာယကလက်စွဲနှင့် သံစည်းလုပ်ထုံးလုပ်နည်း၊ ဝိ/လုပ်ထုံး၊ ဝိ/လက်စွဲ၊ ညွှန်ကြားလွှာဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံလုပ်ထုံး ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်သံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေ၊ လယ်ယာမြေစီမံခွန့်ခွဲရေးနှင့် စာရင်းအင်းဘာသာရပ်၊ တရားရေးရာတို့ကို (၆) ရက်တိုင်တိုင် ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးသွားမည်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)