ကန့်ဘလူမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ကွင်းသရုပ်ပြပွဲ ကျင်းပ

ကန့်ဘလူ ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာပင်  စိုက်ပျိုး၍ မွေးမြူသည့် စနစ်ကျင့်သုံးဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် တိရစ္ဆာန်အစာပင် နေပီယာ(ပတ်ချောင်)မြက် စိုက်ပျိုးခြင်း ရက်သတ္တပတ်(ဇွန် ၁၉ မှ ၂၃ ရက်အထိ)လှုပ်ရှားမှုအဖြစ် တောက္ကရှပ်ကျေးရွာအုပ်စု ဆိပ်ဖူးမြောင်ကျေးရွာ တောင်သူ ဦးလှိုင်းထက်အောင်၏ စိုက်ပျိုးမြေ ၁ ဧကတွင် ယမန်ေန့နံနက်ပိုင်းက ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြသစိုက်ပျိုးရာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်းနှင့်ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံမွေးမြူရေးတောင်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေပီယာမြက် တစ်ဧကစိုက်ပျိုးထားပါက နွးမ ၁၀ ကောင်ကို တစ်နှစ်ပတ်လုံးကျွေးမွေးနိုင် ကြောင်း၊ နေပီယာမြက်ကို အသားဓာတ်အမြင့်ဆုံးအချိန်ဖြစ်သည့် ၄၅ ရက်သားတွင် ခုတ်ယူကျွေးမွေးပါက အကောင်းဆုံးဖြစ်ပြီး မြက်ချဥ်ဖတ်ပြုလုပ်၍လည်း ကျွေးမွေးနိုင်ကြောင်း၊ အရသာကောင်းမွန်မှုကြောင့် ကျွဲ၊ နွား များ နှစ်သက်စွာစားသုံးကြကြောင်း၊ တစ်ခါစိုက်ပျိုးပြီးပါက ၇ နှစ် ၈ နှစ်ခန့်အထိ အသုံးပြုနိုင်ပြီး ငွေကြေးကုန် ကျမှုစရိတ်သက်သာကြောင်း၊ နို့ထွက်ကောင်းမွန်ပြီး အသားတိုးနွားများအတွက် အသားတိုးနှုန်းကောင်းမွန် ကြောင်း၊ အရွက်ကို အခြား ဖွဲ၊ ဆန်ကွဲ၊ ပဲပတ်၊နှမ်းပတ်များနှင့်ရောနှောကာ အစာတောင့်ပုံစံပြုလုပ်ပြီး ကျွဲ၊ နွား အပြင် ကြ်၊ ဝက်၊ ဆိတ်၊ ဘဲ၊ ငါးစာအဖြစ် ပြုလုပ်ကျွေးမွေးနိုင်ကြောင်း၊ လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာ ကျွေးစနစ်ဖြင့် ဆောင်ရွက်နိုင်ပြီး မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်နှင့် အစာရှားပါးချိန်တွင် အာဟာရ ကြွယ်ဝသောအစာအဖြစ် ကျွေးမွေးနိုင်ပြီး ဒေသတွင်း ကျွဲ၊နွားမွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓာတ် မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာမြတ်လင်းက ရှင်းပြသည်။

အောင်ဝင်းငြိမ်း(ပြန်/ ဆက်)