မြောင်းမြ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ လပွတ်ကုလားကျေးရွာအုပ်စု၊ ရွှေဂူကြီးကျေးရွာတွင် တည်ထားသည့် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် ရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က တက်ရောက် ကြည်ညိုခဲ့သည်။
အဆိုပါ မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အလယ်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်များက ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်ပြီးနောက် တာဝန်ရှိသူများနှင့် အလှူရှင်များက ပရိတ်ပန်း၊ ပရိတ်ရေ ဘုရားဌာပနာများနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
ထို့နောက် ရွှေဂူကြီးဘုရား ဌာပနာပစ္စည်းများကို လက်ဆင့်ကမ်းပင့်ဆောင်သယ်ယူပြီး မင်္ဂလာအချိန်တော်တွင် အမွှေးနံ့သာများ ပက်ဖျန်း၍ ဌာပနာတိုက်တွင်းသို့ ထည့်သွင်းပူဇော်သည်။ ဘုရားဌာပနာများထည့်သွင်းနေချိန်တွင် သံဃာတော်အရှင်သူမြတ်များက ဇယန္တော ဗောဓိယာမူလေ အစချီသော ဇယမင်္ဂလာအောင်ဂါထာများကို ရွတ်ဖတ်ပူဇော်သည်။ ဘုရားဌာပနာများ ထည့်သွင်းပြီး ဌာပနာပိတ်ချိန်တွင် အောင်ပြီ ကြွေးကြော်ပြီး ဗုဒ္ဓသာသနာ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးမြောက်၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနအကြီးအကဲများ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ပြည်သူများ တက်ရောက် ကြည်ညို ပူဇော်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)